အင်းလေးမှာ
ကျွန်မတို့ရောက်ခဲ့တဲ့နေရာတွေကတော့ အင်းလေးဖောင်တော်ဦး ဘုရား၊
အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်ဘုန်းကြီးကျောင်း အပြင် အင်းထဲက
ရိုးရာလုပ်ငန်းတွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ခွင့်ရခဲ့ပါတယ်။
အင်းထဲမှာတင်
တောက်လျှောက်က စက်လှေနဲ့ သွားရတာမို့ စက်လှေသွားတုန်း ရေကို လှမ်းပြီး
ဆော့နေရတာ ကြည်နူးဖို့ ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ဆုံး
စပြီးသွားတဲ့နေရာကတော့ အင်းလေး ဖောင်တော်ဦးဘုရားကိုပါ။ အင်းလေး
ဖောင်တော်ဦး ဘုရားက တန်ခိုး ကြီးဘုရားဆိုတော့ ဘုရားဖူး လာကြတဲ့သူတွေကလည်း
တဖွဲ့ပြီး တဖွဲ့ရောက်လာကြတာ လူပြတ်တယ်ဆိုတာ မရှိလှပါဘူး။
ကျွန်မတို့အင်းလေး
ဖောင်တော်ဦးမှာ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးတော့ ဘုရားကျောင်းအောက်မှာ
ရှိတဲ့ ရှမ်းရိုးရာ အထည်ဆိုင်၊ လက်ဆောင်ပစ္စည်းတွေ
ခင်းကျင်းရောင်းနေတဲ့ဈေးတန်းကို ၀င်ကြည့်ပြီးမှ စက်လှေမောင်းတဲ့သူက
အလိုတော်ပြည့်ဘုရားကို လိုက်ပို့ပေးပါတယ်။ အလိုတော်ပြည့်ဘုရားမှာတော့
လူသိပ်မရှိပါဘူး။ တချို့ကလည်း
အလိုတော်ပေါက်ဘုရားလို့ခေါ်ကြတယ်။ တကယ် ယုံယုံကြည်ကြည်နဲ့ လိုရာဆုတောင်းရင်
တောင်းတဲ့ဆုပြည့်တယ်လို့ ဆိုပါတယ်။ အလိုတော်ပြည့်ဘုရားက မုခ်ဦး ၄ ဘက်
မှာရှိတဲ့ ဘုရား ၁ ဆူချင်းစီက တခုနဲ့တခု မတူပါဘူး။
အလိုတော်ပြည့်ဘုရားပြီးတော့
ကျွန်မတို့လည်း ကြောင်ခုန်ကျောင်းလို့ နာမည်ကြီးတဲ့
ငါးဖယ်ချောင်ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ အင်းထဲကို လာတဲ့သူတိုင်းက
ကြောင်ခုန်ကျောင်းကို လိုက်ပို့ပေးပါဆိုပြီး စက်လှေသမားတွေကို ပြောတတ်သလို
စက်လှေမောင်းတဲ့သူတွေက ခရီးသည် မပြောရင်လည်း သူတို့ဘာသာ ခရီးစဉ်ကို
စီစဉ်ပြီး လိုက်ပြပေးပါတယ်။ ဘုန်းကြီးကျောင်းက ကြောင်လေးတွေလည်း
အင်းထဲမှာတော့ စတားပါပဲ။
ဘုန်းကြီးကျောင်းကအပြန်မှာတော့
အင်းလေး ရိုးရာ ယက္ကန်းလုပ်ငန်းဖြစ်တဲ့ ပိုးထည်နဲ့ ချည်ထည်
ယက်လုပ်တဲ့နေရာကို ၀င်လည်ဖြစ်ပါတယ်။ ပိုးထည်၊ ချည်ထည်တွေကို အမျိုးသား၊
အမျိုးသမီးဝတ် လုံချည်၊ အင်္ကျီ၊ ပုဝါ အစရှိသဖြင့် အမျိုးမျိုး ယက်လုပ်ပြီး
ရောင်းတာပါ။ နိုင်ငံခြားသားတွေအတွက်တော့ အဆင်သင့်ဝတ်လို့ရအောင်
ချုပ်ပြီးသားလည်း ရောင်းပါတယ်။ နောက်ပြီး ကြာရိုးက ထွက်တဲ့ ကြာမျှင်ချည်နဲ့
ပုဝါယက်လုပ်ထားတာကို လည်း ထူးထူးဆန်းဆန်း မြင်ခဲ့ရပါတယ်။ ပထမ ကြာရိုးကနေ
တဆင့် ကြာချည်ဖြစ်အောင် အရင်လုပ်ပါတယ်။ ပြီးမှ ယက်ကန်းပေါ်တင်ပြီး လိုသလို
ယက်ရတာဆိုတော့ လုပ်ရတာ အဆင့်များသလို ပုဝါဖြစ်လာတော့လည်း တန်ဖိုးကြီးပါတယ်။
ကျွန်မကတော့ ပိုးလုံချည်လေး ၁ ထည် လောက်လိုချင်ပေမယ့် မ၀ယ်နိုင်လို့
မ၀ယ်ခဲ့ရပါဘူး။ မျှော်သာမျှော်ခဲ့ပြီး မ၀ယ်ခဲ့ရလို့ စိတ်မကောင်းစွာနဲ့ပဲ
ယက္ကန်းရုံ ကနေ နောက်တနေရာ ထပ်ကူးရပြန်ပါတယ်။
ယက္ကန်းရုံက
အပြန် စက်လှေမောင်းသူက ငွေထည်ပစ္စည်းအရောင်းဆိုင်ရှေ့လည်း ရောက်ရော
စက်လှေကို စက်သတ်လိုက်ပါတယ်။ ဒါနဲ့ ကျွန်မ စဉ်းစားမိတာက စောစောတုန်းက
ပိုးထည်ဆိုင်တုန်းကလည်း မ၀ယ်နိုင်လို့ မ၀ယ်ပဲ ကြည့်ယုံပဲ ကြည့်ပြီး
ပြန်လာခဲ့ရပြီးပြီ။ အခုတခါ မ၀ယ်ဘူးဆိုရင် ဆိုင်ထဲဝင် ကြည့်လို့
ကောင်းပါ့မလားလို့ တွေးပြီး ကိုယ့်ဘာသာကိုယ် အားနာလာတာနဲ့ စက်လှေသမားကို
မ၀ယ်ဘူးဆိုရင် ဆိုင်ထဲဝင်လို့ကောင်းပါ့မလားလို့ မေးမိပါတယ်။
စက်လှေမောင်းတဲ့သူက အင်းထဲမှာရှိတဲ့ ယက်ကန်းရုံ၊
ရိုးရာပစ္စည်းအရောင်းဆိုင်တွေကို ၀ယ်မှ ကြည့်ရတာ မဟုတ်ပဲ မ၀ယ်ရင်လည်း
ဗဟုသုတအဖြစ် ကြည့်လို့ရတဲ့ အကြောင်း၊ အေးအေးဆေးဆေး ကြည့်ဖို့မှာပြီး
ကျွန်မတို့ကို မငြီးမငြူစောင့်ပြီး လိုက်ပြပေးတာကြောင့် မြင်ဖူး၊
ရောက်ဖူးခဲ့ရတာပါ။ ငွေထည်ပစ္စည်းဆိုင်ကတော့ ဆွဲကြိုး၊ လက်ကောက်
ဒီဇိုင်းမျိုးစုံ ပုံဖော်ထားတဲ့ အလှအပ ပစ္စည်းက အစ ရေခွက်၊ဖလား အစ ရှိတဲ့
တခြားအသုံးအဆောင် ပစ္စည်းမျိုးစုံ အရောင်းပြခန်းလေးတခုပါပဲ။ ကျွန်မတို့လည်း
မှန်ဗီဒိုထဲမှာရှိတဲ့ ပစ္စည်းလက်ရာလေး တွေကိုပဲ ငေးမော့ပြီးတော့
ဆိုင်ရှင်ကို မျက်နှာပူပူနဲ့ နှုတ်ဆက်ပြီး ပြန်ထွက်လာရပါတယ်။
အင်းထဲမှာ
လည်ပတ်ပြီးတော့ အချိန်က ညနေပိုင်းရောက်လာတာနဲ့ ညောင်ရွှေကို ပြန်ခဲ့ရပါတယ်။
တစ်နေ့ကလည်း ခဏလေးနဲ့ ကုန်မြန်တယ်လို့တောင် စိတ်က ထင်လိုက်မိပါသေးတယ်။
ပိုးထည် လုပ်ငန်း နဲ့ ငွေထည်ပစ္စည်းရောင်းတဲ့ဆိုင်ကိုတော့
ဓာတ်ပုံမရိုက်ခဲ့ရပါဘူး။ ဒါကြောင့် ဘုရားပုံတွေရယ်
ကြောင်ခုန်ကျောင်းလို့ခေါ်တဲ့ ငါးဖယ်ချောင်ဘုန်းကြီးကျောင်းက ကြောင်လေးတွေ
ခုန်နေတာကို ဓာတ်ပုံတွေနဲ့အတူ တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေကနေ
ဝေမျှပေးလိုက်ပါရစေ။
ကြောင်လေးတွေက အ၀ိုင်းကွင်းထဲကို ခုန်ဝင်တဲ့ပုံပါ။ ဘုန်းကြီးကျောင်းမှာ ကြောင်တွေမှ အများကြီးပါပဲ။ ခုန်ပြီးရင်ပဲဖြစ်ဖြစ်
မခုန်ခင်ပဲဖြစ်ဖြစ် သူတို့ကို အစာကျွေးပြီး ခုန်ခိုင်းရပါတယ်။ ဘုန်းဘုန်းက
အစာထည့်ထားတဲ့ ဗူးကို ကိုင်ပြီး လှုပ်တဲ့ အသံကြားရင် ဘုန်းဘုန်းနားကို
ပြေးလာကြပါတယ်။ တခါတလေ သူတို့လည်း
ခဏခဏခိုင်းနေတာဆိုတော့ ငြီးငွေ့တယ်နဲ့တူတယ် မခုန်ချင်ဘူးပေါ့
အဲဒီ့အခါကျရင် ဘုန်းဘုန်းက သူတို့ ဗိုက်ကနေ ဆွဲယူပြီး ခုန်ခိုင်းရင်တော့
လာကြည့်တဲ့ဧည့်သည်ကျေနပ်အောင် ခုန်ပေးရှာပါတယ်။
(သူငယ်ချင်းနဲ့သွားတုန်း ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတချို့ကိုပါ တဆင့်ပြန်ဝေမျှပေးလိုက်ပါတယ်။)
http://shanstatedefencearmy.blogspot.com/
No comments:
Post a Comment