Wednesday, January 8, 2014

မိုင်းကိုင်မြို့က အလွမ်းပုံပြင်


သျှမ်းလူမျိုးတို့ရဲ့ အတိတ်သမိုင်းပုံပြင်တွေ ထဲက ၀မ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင် အချစ် ပုံပြင်လေးပါ ..
မိုင်းကိုင်မြို့ကို - တောင်ကြီးကနေ သွားမယ်ဆိုရင်.... မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်း သွားမယ်ဆိုရင်တော့....တောင်ကြီး > ဟိုပုံး > မိုင်းပွန် > လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား > ကနေတဆင့် မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. နန်းဦးပြင်နေတဲ့မြို့လေး ပေါ့...။





ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်းမြို့မှာ နေတာဖြစ်ပါတယ်... ကျိုင်းတောင်းမှ.. မိုင်းကိုင်ကို လာမယ်ဆိုရင်... ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း > နမ့်စန် > လွိုင်လင် > ပင်လုံ > လဲချား > မိုင်းကိုင်မြို့ကိုရာက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။

ဟိုးလွန်ခဲ့တဲ့ အတိတ် နှစ်များဆီက မိုင်းကိုင်ဆိုသော မြို့လေးမှာ အင်မတန် ချောမောလှပတဲ့ နန်းဦးပြင်ဆိုတဲ့ ကွမ်းတောင်ကိုင် ရွာမျက်နှာဖုံး သျှမ်းလှပျိုဖြူလေး တဦး နေထိုင်သတဲ့... အဲ့ဒီ နန်းဦးပြင် နေထိုင်တဲ့ မိုင်းကိုင်မြို့ရဲ့ အရှေ့ဘက်မိုင် ၁၀၀ကျော်ခန့် အကွာတွင်တော့ ကျိုင်းတောင်းဆိုတဲ့ မြို့လေးတမြို့ရှိတယ် အဲ့ဒီမြို့လေးမှာ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်းနဲ့ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ခွန်ဆမ်လောဆိုသည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကုန်သည် လူငယ်လေးတဦး နေထိုင်သတဲ့ သူတို့နှစ်ဦးဟာ အမတ်မထင်တွေ့ဆုံပြီး လူငယ်သဘာဝ ချစ်ကြိုက် သွားကြပါတော့တယ်…တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော် ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့ကွယ်..

အချစ်ကြီးသူ နှစ်ဦးဖြစ်တော့ တဦးနဲ့တဦး မမြင်ရရင် မနေနိုင်အောင်ပဲတဲ့ကွယ်.. ခွန်ဆမ်လောလေးဟာ မိုင်တရာကျော် ဝေးတဲ့ ချစ်သူရှိရာကို မမောနိုင်မပန်းနိုင် မြင်းစီးပြီး အမြဲလူပျိုလည့်ခဲ့ပါသတဲ့ ဒီလိုနဲ့ တနေ့နမ့်တိန်းချောင်း ကလေးအနီးမှာ... ဆုံတွေ့ပြီး ချစ်စကားပြောနေချိန်မှာ..

နံဘေးက နမ့်တိန်းချောင်း ရေစီးသံက ဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကားလေးတွေကို.. နန်းဦးပြင်လေးဟာ ကောင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။ ဒီအခါ နန်းဦးပြင်လေးဟာ နမ့်တိန်းချောင်းဘက် လှည့်ကာ တိုးတိုးလေး ဆိုလိုက်တယ်တဲ့လေ..
“နမ့်တိန်းချောင်းရယ်.. ပီဆမ်လော ပြောလာမဲ့စကားကို နားထောင်ပါအုံး...မဆူပါနဲ့လားကွယ်” လို့ပြောလိုက်တော့ နမ့်တိန်းချောင်းလေးဟာ နန်းဦးပြင်အလိုကျ တိတ်ဆိတ်ငြိမ်သက် သွားလိုက်တာ..... ခုချိန်အထိ တိုင်အောင်ရေစီးသံ မကြားရတော့ဘူးလို့ဆိုပြန်တယ်..။

ဒီလိုနဲ့ ခွန်ဆမ်လောကို... ခွန်ဆမ်လောမိခင်က သူ့တို့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း နဲ့ တိတ်တဆိတ် သဘောတူထားတာပေါ့... ပြီးတော့ နန်းဦးပျဉ်းကိုလဲ ခွန်ဆမ်လောနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားသတဲ့.. ဒီအကြောင်းကို ခွန်ဆမ်လောသိတော့ သူ့ချစ်သူ နန်းဦးပြင်ကလွဲ၍ အခြားမည်သူ့ကိုမျှ လက်မထပ်နိုင်ဘူး လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ... လက်ထပ်၍.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာခဲ့သတဲ့..။ နန်းဦးပြင်လေးခများ မောင့်တမျက်နှာ တရွာထင်၍ လိုက်ခဲ့ရှာလေသည်။
ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကို ပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ်
ဆိုပြီးတော့ နန်းဦးပြင်လေးကို မနှစ်သက်၊ မကြည်ဖြူ တဲ့အပြင် ငါ့သားနှင့် နှင်တူသလား တန်သလား ဟုဆိုကာ အညိုးကြီးထား၍ နှိပ်စက်လေတော့သည်၊ အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က ဆင်းသွားအောင် ခွန်ဆမ်လော ကုန်ရောင်းထွက်လို့ အိမ်မှာမရှိတဲ့အခိုက် နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ကောက်ညင်းဆန်ကို အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ... စသဖြင့် နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုး နှိပ်စက်ပါတော့တယ်..

နန်းဦးပြင်လေးကတော့... ခွန်ဆမ်လောကို ချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော စိတ်မကောင်းဖြစ်မှာစိုးလို့.... ဖွင့်မပြောပဲနဲ့ ကြိုတ်မှိတ်ပြီးနေရှာပါတယ်...။
သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာဆို နန်းဦးပြင်လေးဟာ အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုးခိုးငိုရရှာပါသတဲ့...။ ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ရင်သွေးကို လွယ်ဖို့ဖြစ်လာချိန်မှာတော့.... နှစ်ယောက်သား ကြည့်နူးနေကြရှာတာ ပြောမပြတတ်အောင်ပဲပေါ့... ဒီလိုနဲ့ ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့အချိန် တနေ့မှာတော့..

ခွန်ဆမ်လောဟာ မဖြစ်မနေကုန်ရောင်း ကုန်ဝယ်သွားရမဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတော့တယ်.. ခွန်ဆမ်လောခမျာ မသွားချင်ပေမဲ့ သွားရပြီမို့.... ကလေးမမွေးခင်မှာ. ကိုအချိန်မှီ ပြန်လာခဲ့ပါ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး.. ခရီးထွက်သွားရှာတယ်.။

ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် ခွန်ဆမ်လော အမိခင်ဟာ အညိုးကြီးသူပီပီ နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်...။

ကိုယ်ဝန်အရင့်မာ ဖြစ်နေတဲ့... နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး.. လှေကားကို ပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့.. ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေ ဆင်းတော့ ပြုတ်ကျတော့တာပေါ့.. ကံကောင်း ထောက်မ၍ ကလေးရော မိခင်သေကံ မရောက်ခဲ့ပေမဲ့ ဒီလောက် လူမဆန်စွာ ရက်စက် ကြမ်းကြုတ်သော ယောက်ခမမျိုးနဲ့ မနေတော့ဟု စိတ်ဆုံးဖြတ်ခါ ချစ်လင်ပြန်အလာကို မစောင့်နိုင်ရှာပဲ မိမိမွေးရပ်ဌာနေ မိခင်တွေဆီကို ပြန်သွားပါတော့တယ်...။

ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး... ကလေးကို ပါလာတဲ့အဖော် အကူညီနဲ့ပဲမွေးဖွားခဲ့ပါတော့တယ်...။

သို့ပေမဲ့ ကံဆိုးချင်တော့.. ကလေးကအသက်မရှင်ခဲ့ပါဘူး..ဒီတော့ နန်းဦးပြင်ကစိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ “သြော်.. ကံဆိုးလှတဲ့ သားလေးရယ်... နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ...လူ့လောက ကနေပြန်လည်ထွက်ခွာ သွားရပြီကောကွယ်... နင့်အဖေကိုသွားရှာပါတော့... ” ဆိုပြီး..၀ါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။

အဲဒီ ကလေးဟာ.. နောက်ဆုံး.. ဥသြ ဌက်လေး ဖြစ်လါပြီး သူ့အဖေကို အမြဲတမ်း အော်ခေါ်နေရှာသတဲ့ သူ့အသံလေးကို သျှမ်းတို့က..“ပေါ့ဝေ့” “ပေါ့ဝေ့” (အဖေရေ) လို့ကြားနေရတယ်....။ သူ့အဖေ ခွန်ဆမ်လောကို...အော်ခေါ်ပြီးလိုက်ရှာ... ဒီနေ့ထိတိုင် တကောင်ထဲ အော်မြဲခေါ်မြဲ ခေါ်နေဆဲလို့ ဆိုကြပါတယ်။

ဒီလိုနဲ့ နန်းဦးပြင်ဟာ..ခရီးကလည်းပန်း မီးဖွားပြီးကားစလည်းဖြစ်..ရင်သွေးလေး ကလည်း အသက်မရှင်စတဲ့ အမျိုးအမျိုးသောဒုက္ခဝေဒနာတွေကြောင့် စိတ်ထိခိုက်ပင်ပန်းပြီး
အိမ်ရောက်တာနဲ့.... သေဆုံးသွားရှာပါတယ်..။

နန်းဦးပြင်ဟာ.. သူမ မသေဆုံးခင်မှာ... မိုင်းကိုင်သူတွေ သူ့လိုအဖြစ်ဆိုးနဲ့ ကြုံရမှာစိုးရိမ်ရှာ
တဲ့အတွက်... “ မိုင်းကိုင် သူတွေ သူ့လိုမျိုး... အလုံးစုံ မပြည့်စုံပါစေနဲ့... ချို့ယွင်းချက်တခု အမြဲတမ်းရှိနေပါစေ... မိုင်းကိုင်က ထွက်တဲ့ ပစ္စည်းတွေအားလုံး သူများတွေထက် အရည်အသွေး ကောင်းပါစေ”.. ဆိုပြီး..ကျိန်စာ တိုက်ခဲ့ပြီး ဆုံးသွားခဲ့ရှာတယ်...။ခွန်စံလောဟာ..ကုန်ရောင်းကုန်ဝယ်ကနေ ပြန်ရောက်လာတော့... နန်းဦးပြင်ကို အိမ်မှာ မတွေ့၍ ပြန်သွားပြီဆိုသော သတင်းကိုကြားကြားချင်း..ချက်ချင်းဆိုသလို မိုင်းကိုင်ကို မြင်းနဲ့အပြေးလာခဲ့ပါတယ်..။ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ပြီဆိုတာ ခွန်ဆမ်လောတယောက် မသိနိုင်ရှာ..

နန်းဦးပြင်တို့အိမ်ကိုရောက်တော့.. ရွာသူရွာသားတွေနဲ့ နန်းဦးပြင်ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေက.. ခွန်ဆမ်လောကို နန်းဦးပြင်ရဲ့ အိမ်ထဲ ပေးမ၀င်ကြပါဖူး နန်းဦးပြင် အလောင်းကိုမပြချင်လို့... တံခါးဝမှာ.. ၀ိုင်းပိတ်ထားကြတယ်..။
ထိုအခါ ခွန်ဆမ်လောလဲ သူကုန်ရောင်းလို့ ရလာတဲ့ ငွေဒင်္ဂါးတွေကို ကြဲလိုက်ပါတော့တယ်..။
သူ့ကိုဝိုင်းပိတ်တဲ့ သူတွေက ငွေင်္ဂါးတွေကို ၀ိုင်းလုကောက်နေကြတဲ့ အချိန်မှာမှ..
ခွန်ဆမ်လော အိမ်ထဲကိုဝင်ပါတော့တယ်... အိမ်ပေါ်ရောက်တယ် ဆိုရင်ပဲနန်းဦးပြင်၏ အလောင်းကိုတွေ့ လိုက်ရပါတော့သည်။

 
ခွန်ဆမ်လောဟာ ဖြေမဆည်းနိုင်အောင် ဖြစ်နေရှာပြီး အရမ်းစိတ်ထိခိုက် ကြေကွဲရင်း..
သိပ်ချစ်ကြသူ နှစ်ဦးဆိုတော့ နန်းဦးပြင်မရှိလျှင် ငါလဲဒီလောကမှာ ရှိနေလို့ဘာမျှမထူးဟု စိတ်ဆုံးဖြတ်ခါ သူ့မှာပါလာတဲ့.. ဆောင်ဓါးနဲ့ပဲ.. သူ့ကိုယ်သူ... အဆုံးစီရင်လိုက်ပါတော့တယ်၊

ခွန်ဆမ်လောဟာ နန်းဦးပြင် အလောင်းပေါ်လဲကျသွားပြီး..... နန်းဦးပြင် အလောင်းပေါ် မှာပဲ သေဆုံးသွား ရှာပါတော့တယ်..

ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့... ခွန်ဆမ်လောမိခင်ဟာ..ကြားကြားချင်း ဆိုသလို လိုက်လာတာပေါ့...။ သူတို့နှစ်ဦး အလောင်းယှဉ်ရက် ပြင်ထားတာကို တွေ့တော့ အရမ်းစိတ်ဆိုးသွားပြီး... နန်းဦးပြင်ကိုအမုန်း မပြေသေးတာကြောင့် သူ့မှာပါလာတဲ့ ဝါးထမ်းပိုးနဲ့... အလောင်းနှစ်ခုရဲ့ ကြားကိုချထားပြီး ခြားလိုက်ပါတယ်တဲ့..

နောက်ဘ၀မှာလဲ သူတို့နှစ်ဦး ပြန်မဆုံနိုင်ပါစေနဲ့.. ဆိုပြီး..ကျိန်လိုက်ပါသေးတယ်..။
အဲ့ထမ်းပိုးကိုလဲ....သူတို့ကိုမြုပ်တဲ့နေရာအထိ ယူဆောင်သွားပြီး...အလောင်းမြုပ်တဲ့နေရာမှာလဲ လိုက်ခြားလိုက်တယ်တဲ့..။ ပြီးတော့ ထမ်းပိုးကို နေရာရွေ့မသွားအောင် စို့
နဲ့ ခိုင်ခိုင်မာမာ ထိုးစိုက်ထားပြန်ပါသေးတယ်။

ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ ကြယ်ကလေးတွေ ဖြစ်သွားကြပါသတဲ့ကွယ်..။သို့သော်လည်းအမေ ဖြစ်သူရဲ့ကြီးမားတဲ့ အမုန်းအာဃာတ ကြောင့် ကြယ်ကလေးတွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ အေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး...

ခွန်ဆမ်လောရဲ့အမေ ကြားမှာခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ အဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး (မောင်ရင် ဆိုင်းထမ်းကြယ်) အဖြစ် ခေါ်ဆိုကြပြီး သူတို့နှစ်ဦးကြားမှာ တန်းကာ ခြားနားထားလို့ မပေါင်းဆုံနိုင်ကြပဲ ရှိနေရှာပါတော့တယ်၊ ၀ါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံး အနေဖြစ် ကိုယ်စားပြုတာမို့ အဆစ်-၃ဆစ်ဆိုတော့.. ကြယ်-၃လုံးပေါ့ စို့နဲ့ ရိုက်ထားတဲ့နေရာကတော့ မှေးမှိန်နေတဲ့ ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ် အဲ့ဒီထမ်းပိုး သဏ္ဍာန် ကြယ်သုံးလုံးရဲ့ အောက်ခြေနားမှာ စို့သဖွယ် တည်ရှိနေတာကို ယနေ့တိုင်မြင်တွေ့နေရဆဲဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ယခုထိတိုင် နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ.. ဘာအပင်မှ မပေါက်ရောက်ပဲ..တည်ရှိနေပါသေးသည် ဆိုတာကို မိုင်းကိုင်မြို့ကို အလည်အပတ်များ ရောက်ဖြစ်ခဲ့ရင်ဖြင့် သွားရောက်လေ့လာဖို့ တိုက်တွန်းလိုက်ချင်ပါတယ်... မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ တည်ရှိနေပါတယ်...နန်းဦးပြင်ရဲ့ မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ် ထားပါတယ်...။

ခွန်ဆမ်လောနှင့် နန်းဦးပြင် .... ပုံပြင်အနေဖြင့် ခွန်ဆမ်လောနှင့် နန်းဦးပင်ကို သျှမ်းတိုင်းရင်းသားများ နားထောင် သိရှိဖူးသော ဒဏ္ဍာရီပုံပြင်ဖြစ်ပါသည်။ ဤပုံပြင်သည် သျှမ်း တိုင်းရင်းသားတို့၏ သမိုင်းနောက်ခံ ပုံပြင်လည်းဖြစ်သလို ၀မ်းနည်းကြေကွဲစရာ ချစ်ပုံပြင်လေးလည်း ဖြစ်ပါသည်။




သိပ်ချစ်လွန်းသူ နှစ်ဦးသည် သေလွန်သွားသော်လည်း အချစ်စိတ်၏ စွဲလမ်းမှုကြောင့် ကြယ်လေးနှစ်ပွင့်အဖြစ် တည်ရှိနေပါသော်လည်း မိခင်ဖြစ်သူ၏ အာဃာတ အမုန်းတွေ မပြေလေတော့ ကြယ်လေးများ ဘ၀မှာပင် အလွမ်းတွေ ဝေနေခဲ့ရပြီပေါ့ တစ်ပွင့်မှာ ညဦးပိုင်းတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (ခွန်ဆမ်လော)၊ ကျန်တစ်ပွင်မှာ မိုးသောက်ခါနီးတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (နန်းဦးပြင်) ဖြစ်လေသည်။

ယင်းကြယ်နှစ်လုံးမှာ သုံးနှစ်တစ်ကြိမ် နီးခဲ့ကြပြီး ကျန်နှစ်များတွင် ပြန်လည် ဝေးကွာ သွားကြလေသည်။ သိပ်ချစ်ကြတဲ့ ချစ်သူတိုင်း ခွန်ဆမ်လောနှင့် နန်းဦးပြင် အဖြစ်မျိုးကင်းဝေးနိုင်ကြပါစေ…


Sae Hark Maine
ShanStateDefenceArmy

>>> Thank you, Come read and visit again kha <<<