(The Daily Star မှ 17 Feb 2014 ရက်စွဲပါ An increasingly assertive China is losing its closest friends in Asia ကိုဘာသာပြန်ဆိုသည်)
တရုတ်နိုင်ငံက နယ်နမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ငါသိငါတတ်လုပ်မှုများကြောင့် အာရှဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် တစ်ချိန်က အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် တင်းကြပ်စွာ ချုပ်ကိုင်ထားနိုင်မှု မှာလည်း လျော့တိ လျောရဲဖြစ်လာသလို လက်အောက်ခံနိုင်ငံသဖွယ်ဖြစ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလည်း ဆိုးရွားလာရာ အာရှဆူပါပါဝါ တရုတ်မှာ စစ်မှန်သည့် မဟာမိတ်နိုင်ငံမရှိတော့သည့် အနေအထား မျိုးသို့ ရောက်ရှိ နေပါသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ဝင်စားစရာကောင်းလှသည့် မေးခွန်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော ပါဝါနိုင်ငံကြီးများအနေဖြင့် အရှေ့မြောက်အာရှဒေသ၏ ဝရုန်းသုန်းကားနိုင် လှသော ပထဝီနိုင်ငံရေးကို အသွင်ပြောင်းရာတွင် အကူအညီပေးနိုင်မည့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး တံခါးဖွင့်နိုင်ရေးအတွက် အဆိုပါ အနေအထားကို အသုံးပြုနိုင်ခြင်း ရှိ၊မရှိဟူသော မေးခွန်းပင် ဖြစ်ပါသည်။
တရုတ်နှင့် မြန်မာဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နေပြည်တော်အစိုးရက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ချိန်မှ စ၍ ဆိုးရွားသွားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်က မြန်မာအပေါ် ကာလကြာရှည်စွာ ဖောက်သည်နိုင်ငံတစ်နိုင်ငံသဖွယ် ဆက်ဆံလာခဲ့သည့် တရုတ်အစိုးရကို တုန်လှုပ်သွားစေခဲ့သည်။ ယနေ့အချိန်ကာလကိုကြည့်မည်ဆိုလျှင်လည်း မြန်မာနှင့် တရုတ်အစိုးရ အကြား သဘောထားကွာဟမှုများဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။
မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် နေပြည်တော်အစိုးရ၏ ရဲရင့်သောဆုံးဖြတ်ချက်က မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ထိခိုက်ကောင်းထိခိုက် စေနိုင်ခဲ့သည့်တိုင် မြန်မာနှင့် အခြားကမ္ဘာ့နိုင်ငံများဆက်ဆံရေးအတွက်မူ အပေါင်းလက္ခဏာ ဆောင်သည့် အဆင့်တစ်ခုဖြစ်သွားခဲ့ပါသည်။ အမှန်စင်စစ် အဆိုပါ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် အရေးပါသည့် နိုင်ငံရေး ပြောင်းလဲမှုများထွက်ပေါ်လာခဲ့ရာ နှစ်ပေါင်းများစွာ မြန်မာပြည် အထီးကျန်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အနောက်နိုင်ငံများက ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးသည်အထိဖြစ်လာပါသည်။
မြောက်ကိုရီးယား၏ လူငယ်အာဏာရှင် ကင်ဂျုံအန်သည်လည်း တရုတ်နှင့် ဆက်ဆံရေးကို ခပ်ကြဲကြဲ ပြုလုပ်ခြင်းအားဖြင့် အနောက်ကမ္ဘာမှ ပါဝါနိုင်ငံများနှင့် ဆက်ဆံရေးကို မြန်မာ့လမ်းစဉ်အတိုင်းပြုလုပ်သွားရန် ဆန္ဒရှိနေ ကြောင်း ကောင်းစွာအချက်ပြနိုင်ပါသည်။ မှန်ပါသည်၊ အကယ်၍ ကင်ဂျုံအန်သာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျော့ပျောင်းပြေပြစ်ရန် ကြိုးပမ်းမည်ဆိုပါက သူ့အနေဖြင့် ခရီးရှည်ကြီးကိုလျှောက်လှမ်းရဦးမည်ဖြစ်သည်။ အမေရိကန် ဘတ်စကတ်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းကို နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ခြင်းက အမေရိကန်ပြည်ထောင်စုတွင် အငြင်းပွားစရာများစွာဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် တောင်ကိုရီးယား သတင်းစာ တစ်စောင် ရေးသားဖော်ပြသည့်အတိုင်း ကင်ဂျုံအန်သာ သူ ၏ ချစ်သူရည်းစားဟောင်းကို စက်သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှုက အမေရိက ဗဟိုချက်မမှ အရေးပါသောပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ချစ်ခင်ရင်းနှီးလာအောင် လုပ်ဆောင် နိုင်မည်မဟုတ်ပေ။
လေ့လာစောင့်ကြည့်သူအများစုကမူ ဘေဂျင်းနှင့် ပြုံယမ်းအကြားဆက်ဆံရေး ဆိုးရွားလာခြင်း၊ ကင်ဂျုံအန်၏ ဦးလေး ဖြစ်သူ ဂျန်ဆောင်တိတ် ကွပ်မျက်ခံရခြင်း အစရှိသည်တို့သည် မြောက်ကိုရီးယား အပြောင်းအလဲမြန်ပြီး မရေရာ မသေချာသော နိုင်ငံရေးကို ထင်ဟပ်စေသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါကိစ္စသည် တရုတ်အ တွက် ပုဂ္ဂိုလ်ရေးကိစ္စရပ်တစ်ခုမျှသာဖြစ်ခဲ့ပါသည်။ ဂျန်ဆောင်တိတ်သည် ပြုံယမ်းကွန်မြူနစ်အစိုးရအဖွဲ့တွင် တရုတ် နိုင်ငံက တန်ဖိုးအထားရဆုံး မိတ်ဆွေတစ်ဦးဖြစ်ပြီး တရုတ်သို့ မြောက်ကိုရီးယားမှ ကျောက်မီးသွေး၊ မြေယာ၊နှင့် အဖိုးတန် သတ္တုများ ကဲ့သို့သော ရင်းမြစ်များရောင်းချမှုအပါအဝင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ပေးခံလိုက် ရခြင်းဖြစ်သည်။
သို့သော် တရုတ်သည် မြောက်ကိုရီးယားနှင့် အလေးအနက်ထား ထူထောင်ထားသော သွေးချင်းပမာ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း ဖခင်ကြီး ကင်ဂျုံအီလ် ကွယ်လွန်ပြီးနောက် သားတော်မောင် ကင်ဂျုံအန် အာဏာ ရရှိလာချိန်မှစကာ မပြေမလည်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင်အဖုအထစ် စတင်ဖြစ်စေခဲ့သည့် ဖြစ်ရပ်မှာ တရုတ်ငါးဖမ်းသင်္ဘောတစ်စီးကို မြောက်ကိုရီးယားက ဖမ်းဆီးပြီး သင်္ဘောသား ၂၉ ဦးကိုပါ ထိန်းသိမ်းခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါသင်္ဘောကို ၁၃ ရက်ကြာမျှ ဖမ်းဆီးထားပြီး သင်္ဘောသားများလည်း မြောက်ကိုရီးယား ပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဒေါ်လာ ၁၉၀၀၀၀ လျော်ကြေးပေးရန် ငွေညှစ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် ကင်ဂျုံအန်သည် တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ခြင်းအားဖြင့် တရုတ်အစိုးရအား အမျက်ဒေါသထွက်အောင် ပြုလုပ်ခဲ့ပြန်သည်။
ကင်ဂျုံအန်၏ အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ နောက်ပိုင်းတွင် တရုတ်နိုင်ငံပိုင်မီဒီယာက ပြုံယမ်းအစိုးရသည် တရုတ်အမျိုးသား ဆန့်ကျင်ရေး မူဝါဒကို ဖော်ဆောင်နေသည်ဟု စွပ်စွဲရေးသားခဲ့သည်ကို တွေ့ရသည်။
သို့သော် ကင်ဂျုံအန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုအလွန်တွင် တရုတ်နိုင်ငံအတွက် ရွေးချယ်ခွင့်ဟူသည်မှာ အကန့် အသတ်ဖြင့်သာ ရှိနေပါသည်။ အကြောင်းမှာ တရုတ်သည် မြောက်ကိုရီးယား၏ သံ၊ သတ္တု၊ မဂ္ဂနီဆီယမ်နှင့် အခြား တွင်းထွက်များစွာနှင့် သယံဇာတရင်းမြစ်များစွာကို ရယူရေးဟူသည့် အကျိုးစီးပွားရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ ထံမှ မတူးဖော်ရသေးသော သဘာဝသယံဇာတများ ရရှိရန် ကြိုးပမ်းနေသကဲ့သို့ပင် ဖြစ်သည်။
ပို၍အရေးကြီးသည့်အချက်တစ်ခုမှာ မြောက်ကိုရီးယားနိုင်ငံကို စွမ်းအင်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့မှုများ ဖြတ်တောက်မှုအပါအဝင် ပြုံယမ်းအစိုးရကို အကျပ်ရိုက်စေရန် တရုတ်ဘက်က ကြိုးပမ်းမည်ဆိုပါက တရုတ်ပြည်ထဲသို့ မြောက်ကိုရီးယား ဒုက္ခသည်များ ဒုနှင့်ဒေး ဝင်ရောက်လာနိုင်သည့် အန္တရာယ်ရှိနေခြင်းပင် ဖြစ်သည်။ ပို၍ ဆိုးရွားသည်မှာ တရုတ်နိုင်ငံဘက်မှကြည်မည်ဆိုပါက ထိုသို့ ပြုံယမ်းအစိုးရ အကျပ်ရိုက်အောင် လုပ်ကိုင်ကြိုးပမ်းမှု များက ကင် (Kim) မိသားစုအုပ်ချုပ်မှုကို ယိုင်လဲပြီး မြောက်ကိုရီးယားနိုင်ငံတော် ပြိုလဲကာ အမေရိကန်မဟာမိတ် ကိုရီးယားနိုင်ငံတော်သစ်တစ်ရပ် ထွက်ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။ တရုတ်နှင့် ကိုရီးယား နယ်စပ်ဒေသတွင် အမေရိကန်တပ်ဖွဲ့များ အခြေချကာ စစ်စခန်းဖွင့်လှစ်လာမည်ဆိုပါက ယင်းကိစ္စသည် တရုတ်အတွက် ခြောက်ခြား ဖွယ်ကောင်းသော ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်လာမည် မဟုတ်ပါလော။
ထိုမျှမကသေးပါ။ ကိုရီးယားနှစ်ပြည်ထောင် ညီညွတ်သွားမည်ဆိုပါက လတ်တလောဖြစ်ပေါ်နေသော တရုတ်၏ နယ်နမိတ်ပိုင်နက်နှင့် သဘာဝသယံဇာတပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုဖြစ်နေသည့် နေရာဒေသများကို ကိုရီးယား ဘက်က ပြန်လည်သိမ်းပိုက်ရယူမည်သာပင် ဖြစ်သည်။ တရုတ်အနေဖြင့် စစ်အေးခေတ်ကာလ ဖင်လန်နိုင်ငံ ကဲ့သို့ဖြစ်မည့် ကိုရီးယားနိုင်ငံတော်ကိုသာ လက်သင့်ခံဖွယ်ရှိသည်။ ဆိုလိုသည်မှာ အိမ်နီးချင်း ဆူပါပါဝါနိုင်ငံ ကို မဟာဗျူဟာမြောက် သဘောတူညီချက်များ အမြဲပင်တစေ ကမ်းလှမ်းမှုပြုနေသည့် နိုင်ငံတစ်ခုကို ဆိုလိုခြင်းဖြစ် သည်။
မြောက်ကိုရီးယားကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း လတ်လောနှစ်များ မတိုင်မီ အချိန်ကာလအထိ အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ဖိအားပေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ တရုတ်သည် ကင်ဂျုံအန်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယမန်နှစ်က မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရာတွင် ပူးတွဲစပွန်ဆာ ပေးခဲ့သည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် မတူကွဲပြားသော လူ့အဖွဲ့အစည်းများရှိသည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုနှင့် ဗမာလူမျိုးများပါဝင်သည့် အုပ်ချုပ်ရေးအီလစ်များ၏ တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှုကြောင့် ပြည်တွင်း ပဋိပက္ခများ ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့်နိုင်ငံ ဖြစ်သည်။ မြောက်ကိုရီးယားမှာမူ လူမျိုးတူများ တစ်သားတည်း ဖြစ်ပြီး တင်းကြပ်ကန့်သတ်မှုများရှိသည့် လူ့အဖွဲ့အစည်းရှိကာ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ တစ်နည်းဆိုပါက မြောက်ကိုရီးယားဟူသည်မှာ တခြားကမ္ဘာ့နိုင်ငံများအတွက် ပို၍ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုပင် ဖြစ်သည်။
လက်ရှိအချိန်အထိ တရုတ်နှင့် မြောက်ကိုရီးယား စိတ်ဝမ်းကွဲပြားမှုသည် အရှေ့မြောက်အာရှဒေသ ပထဝီနိုင်ငံရေးတွင် အလားအလာရှိသည့် အလှည့်အပြောင်းတစ်ရပ်ကို ဖော်ကျူးပြသလျက်ရှိပါသည်။ အကယ်၍ မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖွင့်လှစ်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု အနေဖြင့် တရုတ်အပေါ် အားထားမှုကို လျှော့ချပြီး မြောက်ကိုရီးယားနှင့် တရုတ်ဆက်ဆံရေးတွင် တရုတ်ဘက်မှ ကြားဝင်စေ့စပ်ပေးသောနိုင်ငံတစ်ခုအဖြစ် ဝင်ရောက်ရမည်ဖြစ်သည်။ မြောက်ကိုရီးယားသည် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချလိုသည့် ဆန္ဒရှိထား ပြီးဖြစ်ရာ အမေရိကန်သာ အဆိုပါနည်းလမ်းတိုင်းလုပ်ဆောင်မည်ဆိုပါက ကင်ဂျုံအန်နှင့်ဆက်ဆံရေးတွင် တရုတ် အတွက် စိတ်မသက်မသာဖြစ်စရာ အနေအထားတစ်ခုပင် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အမေရိကန်-မြောက်ကိုရီးယား သံမတန်တံခါးဖွင့်မှုသည် မြန်မာနှင့် အမေရိကန် သံတမန်လမ်းပြန်ပွင့် သည့် အနေအထားမျိုးနှင့် တူညီမည်မဟုတ်ဘဲ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းမှုဆိုင်ရာ သဘောတူညီချက်ရရှိခြင်း၊ မရရှိခြင်းပေါ်တွင်သာ အခြေခံပေလိမ့်မည်။ မြန်မာနှင့် အမေရိကန် ပြန်လည်ပေါင်းစပ် မှုမှာမူ သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်လည်ပတ်ရသည်အထိ ခရီးပေါက်ခဲ့သည်။ ဤနေရာတွင် စိတ်ဝင်စားစရာကောင်းလှသည့် မေးခွန်းမှာ အိုဘားမားအနေဖြင့် မြောက်ကိုရီးယားနှင့် အန္တရာယ် ကြီးမားပြီး အကဲဆတ်သည့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် နိုင်ငံရေးအခန်း သို့မဟုတ် ပုဂ္ဂလိကဆန္ဒသဘောထား အမှန်တကယ်ရှိ၊ မရှိဟူသော မေးခွန်းပင်ဖြစ်ပါသည်။ အကြောင်းမှာ အိုဘားမားသည် ပြည်တွင်း၌ လုပ်ဆောင်ရ ဦးမည့် အရေးကိစ္စများသာမက ဆီးရီးယားနှင့် သဘောတူညီချက်ရရှိရေး၊ အီရန်နှင့် ကြားဖြတ် နျူကလီးယား သဘောတူညီချက် ထွက်ပေါ်ရေးဟူသည့် ကြိုးပမ်းချက်များ၏ အလေးဆွဲခြင်းခံနေရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသော ကြောင့်ပင် ဖြစ်ပါသည်။

http://shanstatedefencearmy.blogspot.com/
Sae Hark Maine
(The
Daily Star မှ 17 Feb 2014 ရက်စွဲပါ An increasingly assertive China is
losing its closest friends in Asia ကိုဘာသာပြန်ဆိုသည်) - See more at:
http://www.dawnmanhon.com/2014/02/blog-post_18.html#sthash.2A7GaLpC.dpuf
No comments:
Post a Comment